Tuesday, January 13, 2015



"Memory of the World"

၁၇၅၆ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန် ရေးသားခဲ့သော ရွှေပေရွက်လွှာသည် ယနေ့အထိ ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်တွင်ရှိသည်။
အဆိုပါရွှေပေရွက်လွှာသည် အရည်အသွေးကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြားခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက်ပုံသဏ္ဍာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေးတူညီသော ပတ္တမြား ၁၂ လုံးစီမြုပ်ထားသည်။ ရွှေပေရွက်လွှာပေါ်တွင်
ကညစ်ဖြင့်ရေးသားထားသော စာကြောင်း ၁၀ ကြောင်းပါရှိကာ မြန်မာသက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း ၁၀ ရက် (၇.၅.၁၇၅၆)ဟူ၍ ရက်စွဲပါရှိသည်။
၎င်းတွင် အင်္ဂလိပ်ကုန်သည်အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်နေထိုင်၍ ကုန်သွယ်ခွင့်ပေးထားကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းတို့ကို ဖော်ပြထားသည်။ ယင်းရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်အတွင်းတွင် ထည့်သွင်းထားသည်။
နှစ်ပေါင်း (၂၅၀) ကြာမြင့်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်မှ ပညာရှင် Dr. Friedrich Hulsmann ကတွေ့ရှိခဲ့ပြီး လူဇင်ဘတ်နိုင်ငံသား သမိုင်းပညာရှင်၏အကူအညီဖြင့် လေ့လာသုတေသနပြုခဲ့ရာမှ မြန်မာ ဘာသာဖြင့် ရေးသားထားကြောင်း သိရှိခဲ့ရသည်ဖြစ်သည်။

Ref: ကြေးမုံ (၁၇.၃.၂၀၁၃)

No comments:

Post a Comment