Thursday, January 15, 2015

"ရိုင်ဖယ်"

ရိုင်ဖယ်ဆိုသည်မှာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပြီး သေနတ်ဒင်နှင့်ပြောင်းရှည်တို့ပါဝင်ကာ ပခုံးတွင်ထောက်၍ ပစ်ခတ်ရသည်။ ရိုင်ဖယ်သေနတ်အားအား ဝေးကွားသည့်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အရပ်ဖက်တွင် ရိုင်ဖယ်ကိုသေနတ်ဟူ၍လည်းကောင်း၊ ဒင်ပါသောသေနတ်များကို ရိုင်ဖယ်ဟူ၍လည်းကောင်းလွဲမှားစွာခေါ်ဝေါ်နေကြသည်။

သေနတ်ကျည်ဆံအား မောင်းရိုက်မိသောအခါ ယမ်းပေါက်ကွဲမှုကြောင့် သေနတ်ပြောင်းအတွင်းသို့ကျည်ဆန်ရောက်သွားသည်။ ရိုင်ဖယ်ပြောင်းအတွင်းပိုင်းသည် ၀က်အူရစ်သဏ္ဍာန်လမ်းကြောင်းပုံဖော်ထားပြီး ထိုလမ်းကြောင်းပုံစံကြောင့် ရောက်ရှိလာသောကျည်ဆန်သည် ဆွဲမွှေ့ခြင်းခံရကာ ချိန်ဆရာနေရာသို့အရှိန်ပြင်းစွာ သေနတ်ပြောင်းမှ မွှတ်နေအောင်လည်ပတ်ထွက်သွားသည်။ ထိုသို့လည်ထွက်သွားသောကျည်ဆန်သည် Angular Momentum ရူပဗဒေနိယာမအတိုင်း အရှိန်ကျနှုန်းအားထိန်းသိမ်းနိုင်သည့်အပြင် ပစ်မှတ်အားပိုမိုတိကျစွာရောက်ရှိနိုင်သည်။ ရှေးအခါကသေနတ်ကျည်ဆန်များအတွက် ယမ်းအနက်နှင့် ကော်ဒိုက်ယမ်းတို့ကိုအသုံးပြုသော်လည်း နောက်ပိုင်းတွင်ပေါက်ကွဲအားပိုမိုပြင်းထန်သည့် nitrocellulose ဒြပ်ပေါင်းအားအသုံးပြုလာကြသည်။

ရိုင်ဖယ်သေနတ်ပေါ်ပေါက်လာပုံနှင့်ပတ်သတ်၍ သမိုင်းအထောက်အထား အတိအကျမကျန်ခဲ့ချေ။ သို့သော် ၁၅ရာစုခန့်ကဥရောပတွင်အသုံးပြုနေသော Musket ယမ်းထိုးသေနတ်များ၏ ချို့ယွင်းချက်များကို ပိုမိုကောင်းမွန်အောင်ပြုပြင်ရာမှ Rifling ခေါ်သေနတ်ပြောင်းအတွင်း အရစ်ဖေါ်ခြင်းများခေတ်စားလာခဲ့ သည်။ နပိုလီယံစစ်ပွဲအတွင်း ဗြိတိသျှစစ်တပ်မှ Baker အမည်ရှိရိုင်ဖယ်သေနတ်များအား စမ်းသပ်နေခဲ့ပြီး စပိန်နှင့်ပေါ်တူဂီစစ်ပွဲများတွင် စတင်အသုံးပြုခဲ့သည်။ ထိုရိုင်ဖယ်သေနတ်များသည် Musket ခေါ်သေနတ်များထက် ပိုမိုဝေးကွာအောင်ပစ်နိုင်သည့်အပြင် ပိုမိုတိကျမှုရှိသောကြောင့် အောင်မြင်မှုရခဲ့သည်။
၁၉ရာစုအရောက်တွင် ဆလင်ဒါပုံပြောင်းများအသုံးပြုလာာကပြီး ကျည်ဆန်ပုံသဏ္ဍာန်ပါပြောင်းလဲလာသည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဂျာမန်လက်နက်ထုတ်လုပ်သူ Paul Mauser၏ Mauserရိုင်ဖယ် စတင်ပေါ်ပေါက်လာခဲ့ပြီး ကျည်(၅)တောင့်ဝင်ကျည်ကတ်အား စတင်အသုံးပြုခဲ့သည်။ ထိုနောက် ဗြိတိသျှစစ်တပ်မှ ကျည်(၁၀)တောင့်ဝင် Lee-Enfield ရိုင်ဖယ်များ အသုံးပြုလာကြပြီး ၁၉၀၃ခုနှစ်တွင် အမေရိကန်လုပ် Springfield ရိုင်ဖယ်များအသီးသီးထွက်ပေါ်လာခဲ့သည်။

ပထမကမ္ဘာစစ်သည် ရိုင်ဖယ်၊ စက်သေနတ်နှင့် အမြောက်များ တွင်ကျယ်စွာ အသုံးပြုခဲ့သည့်စစ်ပွဲဖြစ်သည့်အပြင် ထိုလက်နက်များ၏အဖျက်စွမ်းအားနှင့် အရေးပါပုံတို့ကြောင့် မရှိမဖြစ်လိုအပ်သည့် စစ်လက်နက်များဖြစ်လာကြသည်။ ပထမကမ္ဘာစစ်၏ အတွေ့အကြုံအရ သာမန်ရိုင်ဖယ်များသည် မီတာ ၃၀၀ အောက်လျော့သော အနီးကပ်တိုက်ပွဲများတွင် အသုံးပြုရခက်ခဲကြောင်းသိလာသောအခါ ပိုမိုပေါ့ပါးသော ဘက်စုံအသုံးပြုရိုင်ဖယ်များပါ တီထွင်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့်နောက်ပိုင်းတွင် ရိုင်ဖယ်များ၏စွမ်းရည်မှာ အံ့မခန်း ကြောက်စရာကောင်းအောင်တိုးတက်လာခဲ့သည်။

Ref: Wikipedia မှ ပြန်ဆိုသည်။


No comments:

Post a Comment