Tuesday, January 13, 2015

"ကြခတ်ဝရာမင်းသမီးကျိန်စာသင့်နေသောမြို့နယ်"


"ဒလအမည်ရခဲ့ပုံ"

ဒလ၏မူလအမည်မှာ ဍုင်ဇလ(သံထွက်-ဒုန်/ဒုံဇလ)သည် မွန်ဝေါဟာရဖြင့် ခေါ်ဝေါ်ရေးသားထားခြင်းဖြစ်သည်။ ဍုင်(ဒုန်/ဒုံ)သည် "မြို့"ဖြစ်ပြီး ဇလသည်"ကြခတ်ဝါး"လို့အဓိပ္ပာယ်ရသည့်အတွက် "ကြခတ်ဝါးတောမှာတည်ရှိသည်မြို့" ဟုဆိုရမညဖြစ်သည်။ ဒလမြို့အနီးတွင် "ကြခတ်ဝရာ"အမည်ရသည့် သမိုင်းဝင်ရှေးဟောင်းမြို့တည်ရှိရာနေရာရှိသည်။

ပုဂံခေတ်တွင် ထင်ရှားခဲ့သည့် ဒလသည် ယခုတွံတေးမြို့နယ်အတွင်းမှာ ပါဝင်ခဲ့သည်။ ပုဂံခေတ်က "ရာဇသင်္ကြန်အမတ်ကြီး" ကို ဘုရင်က အမျက်တော်ရှ၍ နယ်နှင်ဒဏ်ပေးခဲ့ရာမြေသည် ဒလဖြစ်သည်။ ထိုကာလက ရန်ကုန်မြို့တည်ရှိရာ ဒဂုံသည် တံငါရွာအဆင့်မျှသာရှိပြီး၊ ဒဂုန်/

ဒဂုံဆိုသည့်အမည်သည် အေဒီ ၁၆ ရာစုခန့်ကမှသာ စတင်ထင်ရှားလာခြင်းဖြစ်သည်။

"စတင်အခြေချ ပြင်သစ်များ"

မိုင်းသူ(Maingthu)ဒေသကို ကုန်းဘောင်မင်းဆက်မှ ဆင်ဖြူရှင်(မြေဒူးမင်း)က ပြင်သစ်တို့အား လွတ်လပ်စွာနေထိုင်ခွင့် ပေးသနားတော်မူခဲ့သဖြင့် ပြင်သစ်တို့က ဒလမှာ သင်္ဘောကျင်းစတင်တည်ဆောက်ခဲ့သည်။ ထိုကြောင့် ဒလအမည်နှင့်ပတ်သက်၍ "A History of Rangoon" စာအုပ်ကြီးမှာ ပါမောက္ခ B.R Pearn မှတ်တမ်းတင်ပေးထားသည်မှာ "Place-Three Place names of Rangoon Derive from the British occupation-(1) The name Dalla.... as applied to Maingthu became comfrimed"ဟု မိုင်းသူမှနေ ဒလအဖြစ် နယ်ချဲ့ဗြိတိသျှများက သတ်မှတ်ခဲ့သည်ဖြစ်သည်။
ထို့အတူ ဒလ၏တည်နေရာကို ဒလဟုစတင်ခေါ်ဆိုခဲ့သည်ကို "A cross the river lay the town of Maingthu where now Dalla stands Maingthu came to be called as Dalla, as early as 1795" ဟု ခရစ်သက္ကရာဇ် ၁၇၉၅(ကောဇာသက္ကရာဇ်-၁၁၅၇)မှ မိုင်းသူမှ ပြောင်းလဲခေါ်ဆိုခဲ့သည်။

"တံတားအိမ်မက်နှင့် ဒလမြို့နယ်"

အင်္ဂလိပ်နယ်ချဲ့ခေတ်က "The New Burma" စာအုပ်၊ Rangoon ကဏ္ဍတွင် ဒလနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ "Opposite Rangoon is the thin village of Dalla. Visionaries Predict that Rangoon will have to build a bridge to Dalla, if it Doesn't a bridge to Dalla is as logical for a city of Rangoon standing as a keel for a boat or a Lace for a Shoe" ရန်ကုန်၏ မျက်နှာချင်းဆိုင်မှာ ဒလကျေးရွာရှိသည်။ ရှေ့ဖြစ်ဟော အကြားအမြင်သမားများသည် ရန်ကုန်နှင့်ဒလကို တံတားထိုးပေးမည်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။ တံတားမဖြစ်မနေထိုးပေးသင့်သည့် အချက်မှာ ရန်ကုန်နှင့်ဒလသည် လှေတစ်စင်းနှင့်လှေဝမ်း၊ ရှူးဖိနပ်နှင့်ကြိုးလိုဖြစ်နေသည်။ ဟုမျှော်မှန်းရေးသားထားသည်။

သို့သော် နယ်ချဲ့အင်္ဂလိပ်များသည် ရန်ကုန်မြို့ကို စတင်ကျူးကျော်သိမ်းပိုက်ခဲ့သည့် ၁၈၅၂ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ မြန်မာနိုင်ငံတော်အလံလွှင့်တင်ပြီး ယူနီယံဂျက်ကိုအောက်ချခဲ့သည့် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ(၉၅နှစ်နှင့် ၁၄ရက်ကြာ) အုပ်ချုပ်ခဲ့သော်ခြားလည်း လှိုင်ဖြစ်(ရန်ကုန်မြစ်)ကူးတံတားတစ်စင်းတောင်မျှ မတည်ဆောက်ပေးနိုင်ခဲ့ချေ။

"ဒလမြို့နယ်မှ ရပ်ကွက်နှင့် လမ်းအမည်ဆန်းများ"

မြန်မာဘုရင်များလက်ထက်က တောင်ဘက်အစွန်ခံတပ်မြို့ဖြစ်ခဲ့သည်အပြင် နယ်နှင်ဒဏ်အပေးခံမှူးကြီးမတ်ရာတွေကို ပို့လွှတ်ခဲ့ရာအရပ် ဒလသည် မုတ်ကျွန်းတွင် ပါဝင်ခဲ့ပြီး မုတ်ကျွန်းစား ဒလမြို့တော်ဝန် ဦးထော်လေး၊ ဒလမြို့တော်ဝန် ဦးပသီ၊ ဒလမြို့တော်ဝန် မဟာမင်းလှရာဇာကျော်ခေါင်စသည်သူများသည် ဒလမြို့ကို အစဉ်အဆက်အုပ်ချုပ်ခဲ့ကြသည်။ သင်္ဘောကျင်းကအစ ဒလကလို့ ဆိုစမှတ်ပြုရတာကတော့ ပြင်သစ်တို့က မိုင်းသူ(ခ)ဒလတွင် သင်္ဘောကျင်း စတင်တည်ဆောက်ခဲ့ကြ၍ ဖြစ်သည်။

ကိုလိုနီခေတ်တွင် ဒလသည် ဟံသာဝတီစီရင်စုနယ် ၁၄စုတွင်ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရပြီးကာကလတွင် ဒလတိုက်နယ် (Circle) ဖြစ်လာပြန်သည်။ ဒလတိုက်နယ်မှ ရပ်ကွက်၊ကျေးရွာနှင့် လမ်းအမည်များသည် မွန်ဘာသာနှင့်ခေါ်ဝေါ်သည့် ကမာကဆစ်(ကမာ=ရေကန်၊ကဆစ်=ချဉ်ပေါင်) ချဉ်ပေါင်ကန်၊ကမာကသွယ်၊ကမာအောင်ချောင်း၊ဆာပါချောင် အမည်များရှိသလို အိန္ဒိယအမည်ဖြင့်ခေါ်ဝေါ်သော အာရကန်မြေဈ ကျိုလယာ ဘတ်စတီ(Busti=အစု)၊ အူဒရာဘတ်စတီ၊ ပတေးမြေကွက်၊ မိုဝါးပွိုင့်၊ ပိုက်ဆွဲကလေး၊ ရယ်ဒီယားရွာစတာတွေအပြင် (၆)နံပါတ်ရွာ၊ ၁၁-၁၄ ဆန်စက်မြေ (king's bank) ရွာ(ယခုသမ္မတကမ်းခြေ/ရပ်ကွက်) အိုင်အက်စ်မီးသွေးရုံ၊ ညောင်ကုန်းနှင့်တွံတေးလမ်းရပ် စသည်များဖြစ်သည်။

"ဒလမြို့နယ်၏ ဖွံ့ဖြိုးမှုအစုစု"

ရန်ကုန်နှင့် မြစ်ကူးချောင်းခြားဖြစ်ခြင်း၊ PH7 အဆင့်မီသည့်ရေသန့်သန့်ကို ကျိန်စာကြောင့်ဟုမိရိုးဖလာ ဆိုခဲ့သည်မှာ ဒလ၏အတိတ်ကဖြစ်ရပ်တွေဖြစ်သည်

၁၉၇၄ခုနှစ်စနစ်သစ်အုပ်ချုပ်ရေးကာလတွင် ဒလကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်း စာရင်းသွင်းကာ တောင်ပိုင်းခရိုင်တွင်ပါဝင်လာပြီး၊ မြို့နယ်အကျယ်အဝန်းသည် (၁၀.၉၃)မိုင်၊ ကျေးရွာ၊ရပ်ကွက် ၂၃ ခုဖြင့်ဖွဲ့စည်းထားသည်။
ယခင်က ဒလနှင့်ရန်ကုန်ကို သဗ္ဗန်ဖြင့်သာကူးခဲ့ကြသော်လည်း ယခုအခါမှာ"ဇက်ကူးတို့"သင်္ဘောများဖြင့်ပန်းဆိုးတန်းဆိပ်ကမ်းမှနေသွားလာနိုင်လာသည်။ ဒလမြို့နယ်သည်ဧရာဝတီတိုင်း၊ဒေးဒရဲနှင့်ဖျာပုံတို့မှနေတစ်ဆင့် မော်တော်ယာဉ်နှင့်ဝန်းပတ်သွားလာနိုင်သည့် တံခါးပေါက်ဖြစ်လာသလို တွံတေးကိုသွားချင်လျှင်လည်း ဒလမှသွားနိုင်သည်။

ခေတ်အဆက်ဆက်မသောက်သုံးခဲ့ရသည်ရေကြည်၊ရေသန့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်ပေါက်မှတစ်ဆင့်ရေပိုက်သွယ်တန်းပေးခဲ့သောကြောင့် သောက်သုံးရေရနေပြီဖြစ်သည်။ ရာဇသင်္ကြန်ရပ်ကွက်၊ ဗညားဒလရပ်ကွက် စသည်မျိုးချစ်စိတ်ဓာတ်ထက်သန်ထက်မြက်စေမည့်ရပ်ကွက်များနှင့်ဝန်းရံကာ ကျောင်းစု(တာကြီး)အထိမြို့ကွက်ကျယ်ဝန်းလာသည်။

သင်္ဘောဆိပ်အတက် ကမ်းထိပ်တွင်တည်ရှိနေသည့်နာရီစင်သည် ဒလ၏အမှတ်အသားဖြစ်သကဲ့သို့ သက်တမ်းကြာရှည်နေပြီဖြစ်သည် ဒလသင်္ဘောကျင်းသည် ကုန်တင်၊ဆီတင်၊ခရီးသည်တင်ရေယာဉ်များအသစ်တည်ဆောက်၊ ပြုပြင်မွမ်းမံ၊ အပိုပစ္စည်းအသစ်တွေပါ တီထွင်ထုတ်လုပ်လျက်ရှိကာ ရန်ကုန်ကို ရေလမ်းခရီးအတွက်အကျိုးများစွာ ထောက်ပံ့လျက်ရှိကြောင်းဖြစ်ပါသည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်း။

No comments:

Post a Comment