Tuesday, January 13, 2015



"မြန်မာ့ပထမဆုံးသော ရုပ်ရှင်ဇာတ်ကား 
(သို့မဟုတ်) မေတ္တာ နှင့် သူရာ"

မေတ္တာနှင့် သူရာ(Love and Liquor)သည် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဦးဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကား တစ်နည်းအားဖြင့် မြန်မာ့ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ မြန်မာစာရေးဆရာကြီး ပီမိုးနင်း ရေးသားသော ဝတ္ထုကို နောင်တွင် မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူးပြီး သရုပ်ဆောင်အဖြစ် ဦးညီပု၊ ဒေါ်ရီရီ တို့က ပါဝင်သရုပ်ဆောင်ထားသည့် အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာ့ရုပ်ရှင်ကား တစ်ကား တစ်ကားဖြစ်သည်။


ထိုရုပ်ရှင်ကားကို အောက်တိုဘာလ၊ ၁၃ ရက်နေ့၊ ၁၉၂၀ ခုနှစ်တွင် ရုံတင်ကာ ပြသခဲ့သည်။ ယခုအခါ ထိုနေ့ကို မြန်မာ့ ရုပ်ရှင်နေ့ အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြသည်။ ထိုဇာတ်လမ်းသည် လောင်းကစားနှင့် သေရည်သေရက်သည် လူတစ်ယောက်၏ ဘဝကိုပင် ဖျက်ဆီးပစ်ကြောင်းကို ပုံဖော်ထားသော ဇာတ်လမ်းဖြစ်သည်။

"မြန်မာ့ပထမဦးဆုံးရုပ်ရှင်သရုပ်ဆောင်သူများ"

ထိုရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင်ကြသူများမှာ မြန်မာ့ပထမဦးဆုံး ရုပ်ရှင်မင်းသား ဦးညီပု၊ မြန်မာ့ပထမဦးဆုံး ရုပ်ရှင်မင်းသမီး ဒေါ်ရီရီနှင့် မြန်မာ့ပထမဦးဆုံးရုပ်ရှင်ဇာတ်ဆောင်ဇာတ်ပို့များဖြစ်သည့် ဒေါ်အေးကြည်၊ ဦးမောင်မောင်ချစ်၊ ဦးမောင်မောင်ကလေး၊ ကိုငြိမ်း၊ ဦးပါကြီး၊ ဦးဘကလေး (သို့) ရွှေရိုး၊ ဦးပု(ဦးတုတ်ကြီး)တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။

"ထုတ်လုပ်ခြင်းနှင့် ပြသခြင်း"

ဦးအုန်းမောင်ဟု ခေါ်သော နောင်တွင် မြန်မာ့ရုပ်ရှင်ဖခင်ကြီး ဖြစ်လာမည့် လန်ဒန်အတ်ဦးအုန်းမောင်သည် မြန်မာ ရုပ်ရှင်ကို ရှေ့ဦးစွာ တီထွင်ရန်အတွက် ဘားမားဖလင် ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဦးညီပုကို ဆက်သွယ်ကာ ပထမဆုံးအသံတိတ်ရုပ်ရှင် မေတ္တာ နှင့် သူရာကို ရိုက်ကူးရန် စီစဉ်ခဲ့သည်။ ထို့နောက် ဗမာ့ရုပ်ရှင် မေတ္တာနှင့် သူရာ ဟူသော ခေါင်းစဉ်ဖြင့် ရုံတင်ကာ ပြသခဲ့သည်။ သို့သော် ယနေ့ကဲ့သို့ ပါဝင်သော သရုပ်ဆောင်များ၊ ဇာတ်ပို့ဇာတ်ရံများ၊ ဇာတ်ညွှန်းရေးဆရာများ၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိခဲ့ချေ။

ထို့နောက် အောက်တိုဘာလ ၁၃ ရက်၊ ၁၉၂၀ ခုနှစ်တွင် ရုံတင်ကာပြသခဲ့ပြီး ထိုအချိန်ကပင် မြန်မာရုပ်ရှင်နေ့ ဟူ၍ သတ်မှတ်ခဲ့သည်။ ထိုရုပ်ရှင်သည် မှုန်၏။ တုန်၏။ အရည်အသွေးညံ့ဖျင်းလေသည်။ အဘယ့်ကြောင့်ဆိုသော် ဦးအုန်းမောင်သည် ထိုအချိန်က တပတ်ရစ် ကင်မရာကို အသုံးပြုထားခြင်း နှင့် နည်းပညာပိုင်းအရ ဆရာမရှိ၊ ပြသမည့်သူမရှိ၊ မိမိ ထင်သလို ကောင်းအောင် ပြုလုပ်ထားခြင်းတို့ကြောင့် ဖြစ်လေသည်။

သို့သော်လည်း မြန်မာတို့က မြန်မာရုပ်ရှင်ပေါ်လေပြီဟူသော အသိဖြည့် အပြည့်အဝ ထောက်ခံခဲ့ပြီး ပရိတ်သတ် လက်ခံမှု ရရှိကာ အောင်မြင်ခဲ့လေသည်။ ဤသည်ကား မြန်မာ့ရုပ်ရှင်မွေးဖွားခြင်းဖြစ်လေတော့သည်။

Ref: wikipedia.org

No comments:

Post a Comment